မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ အာဆီယံဈေးပွဲတော်(ASEAN Bazaar) တွင် ပါဝင်ဆင်နွှဲ






ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်း ဦးဆောင်သည့် မြန်မာသံရုံး၊ စစ်သံရုံးနှင့် ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာပညာတော်သင်များသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် အင်ဒိုနီးရှားသံရုံး၌ ကျင်းပသည့် အာဆီယံဈေးပွဲတော်(ASEAN Bazaar) တွင် ပါဝင်ဆင်နွဲခဲ့ပါသည်။
ဈေးပွဲတော်သို့ အထူးဧည်သည်တော်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Sok Chenda Sophea တက်ရောက် ချီးမြှင့်ခဲ့ပြီး ဖနောင်ပင်အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်မိသားစုများ၊ ကမ္ဘောဒီးယား သံတမန်များနှင့် မိသားစုဝင်များ အပါအဝင် စုစုပေါင်း လူဦးရေ ၁,၀၀၀ ကျော်ခန့် ပါဝင်ဆင်နွဲခဲ့ကြပါသည်။
ဈေးပွဲတော်၌ ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံသံရုံးများက နိုင်ငံအလိုက် ရိုးရာ အစားအသောက်နှင့် ထွက်ကုန်ပစ္စည်းများကို ပြသရောင်းချခဲ့ကြပြီး နိုင်ငံအလိုက် ယဉ်ကျေးမှု အကများနှင့် ကာရာအိုကေ သီချင်းဆို ပြိုင်ပွဲများနှင့် ကံစမ်းမဲအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။
မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများအနေဖြင့် ရိုးရာယဉ်ကျေးမှု ပစ္စည်းများနှင့် ထွက်ကုန်များကို ခင်းကျင်းပြသ ရောင်းချခြင်းအပြင် မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ မြန်မာ့အစားအစာ လက်ဖက်နှင့် မြန်မာ့လက်ဖက်ရည်တို့ကိုပါ မိတ်ဆက်တည်ခင်းခဲ့ပါသည်။ ထို့နောက် ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာပညာတော်သင်များက သူငယ်တော်အကအပြင် အင်္ဂလိပ်၊ ခမာသီချင်း(၂) ပုဒ်ဖြင့် ပါဝင်သီဆို ခဲ့ကြကြောင်း သိရှိရပါသည်။