ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ (၃၀-၆-၂၀၂၂)

(၃၀-၆-၂၀၂၂ ၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာပရပ်ဆုတ်ခွန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ၊ လက်ရှိ အာဆီယံဥက္ကဋ္ဌ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စ တို့ကို ပြောကြားခဲ့ပါသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေမှုများအား အစိုးရ၏ ဦးစားပေးအစီအစဉ်များအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့် အခြေခံမူများအပေါ် အခြေခံပြီး အာဆီယံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း အာဆီယံပဋိညာဉ်နှင့် အာဆီယံ၏ အဓိကမူများကို လေးစားလိုက်နာရန်နှင့် အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက် ရောက်ခဲ့ကြပါသည်။

ထို့နောက်ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ Park Royal Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh