Travel To Cambodia

ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်လိုသော မြန်မာနိုင်ငံသားများအနေဖြင့် အောက်ပါတို့ကိုသတိပြု ပြင်ဆင်နိုင်ရန်အကြံပြုအပ်ပါသည်-

  • သက်တမ်းအလုံအလောက်ရှိသော နိုင်ငံကူးလက်မှတ်နှင့် သင့်လျော်သည့်ဗီဇာရရှိထားရန်၊ (ဗီဇာ ကင်းလွတ်ခွင့်ပြုသည့်နိုင်ငံများနှင့် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံကူးလက်မှတ်အလိုက် ဗီဇာကင်းလွတ် ခွင့်သတ်မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ်သည့် https://www.mofa.gov.mm ၌ ဝင်ရောက်လေ့လာနိုင်ပါသည်။ အခြေအနေပေါ်မူတည်၍ အပြောင်း အလဲရှိနိုင်သည့်အတွက် ခရီးသွားများအနေဖြင့် သက်ဆိုင်ရာ Travel Agency (သို့မဟုတ်) ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးသို့ မေးမြန်းစုံစမ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို သိရှိထားသင့်ကြောင်း အကြံပြုအပ်ပါသည်။)
  • မိမိ၏ နိုင်ငံကူးလက်မှတ်သည် အနည်းဆုံး (၆)လသက်တမ်းကျန်ရှိရန်၊
  • သက်ဆိုင်ရာနိုင်ငံ၏ စည်းမျဉ်းဥပဒေများကို သိရှိနားလည် လိုက်နာရန်၊
  • ပစ္စည်းများသယ်ဆောင်လာရန်ရှိပါက ကမ္ဘောဒီးယားနိုင်ငံ၏ သွင်းကုန်/ပို့ကုန်ဆိုင်ရာ သတ်မှတ် ချက်များကို ကြိုတင်လေ့လာရန်၊
  • ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်လာရောက်သည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိ အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီ/အဖွဲ့အစည်း၏ နောက်ခံအချက်အလက်များ၊ တရားဝင်ဖွဲ့စည်း ဖွင့်လှစ်ထားခြင်းဟုတ်/မဟုတ်၊ မိမိအားကမ်းလှမ်းထားသည့်အလုပ်နှင့် မြေပြင်တွင်အမှန်တကယ် လုပ်ကိုင်ရမည့်အလုပ် တူညီမှုရှိကြောင့် သေချာလေ့လာစိစစ်ပြီးမှ လာရောက်ရန်၊
  • နိုင်ငံကူးလက်မှတ်နှင့် အခြားအရေးကြီးစာရွက်စာတမ်း အထောက်အထားများကို မိမိနှင့်အတူ မိတ္တူတစ်စုံ(hard copy and copy) ထားရှိရန်၊
  • လုံလောက်သည့်အသုံးစရိတ်ယူဆောင်လာရန်။
  • ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ COVID-19 စည်းကမ်းချက်များကို ကြိုတင်လေ့လာ၍ လိုအပ်သည် များပြင်ဆင်လာရန်၊ (ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်သည့် နိုင်ငံတကာခရီးသွားများအနေဖြင့် COVID-19 ကာကွယ်ဆေး အနည်းဆုံး(၂)ကြိမ်ထိုးပြီးကြောင်းလက်မှတ် ယူဆောင်လာရန် လိုအပ် ပါသည်။ ကာကွယ်ဆေးအကြိမ်ပြည့် (အနည်းဆုံး (၂)ကြိမ်) မထိုးရသေးသည့် နိုင်ငံတကာခရီး သွားများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့လေယာဉ်ဆိုက်ရောက်ရာတွင် လေဆိပ်၌ မိမိကုန်ကျ စရိတ်ဖြင့် COVID-19 antigen test စစ်ဆေး၍ ရောဂါပိုးကင်းစင်ကြောင်း အဖြေရရှိမှသာ မိမိ သွားလိုသည့်ခရီးသို့ ဆက်လက်ထွက်ခွာခွင့်ပြုမည်ဖြစ်ပါသည်။ ရောဂါပိုးတွေ့ရှိပြီး ပြင်းထန်သည့် ရောဂါလက္ခဏာမပြသသည့်ခရီးသည်များအနေဖြင့် မိမိနေအိမ်(သို့မဟုတ်)သင့်လျော်သည့်နေရာတွင် သီးခြားနေထိုင်ရမည်ဖြစ်ပြီး ရောဂါလက္ခဏာပြင်းထန်သူများအနေဖြင့် အစိုးရကသတ်မှတ်ထား သော quarantine centre ၌သီးသန့်နေထိုင်၍ ဆေးကုသမှုခံယူရမည်ဖြစ်ပါသည်။ ကုန်ကျစရိတ် အားလုံးကို မိမိကိုယ်တိုင်ကျခံရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ခရီးသွားများအနေဖြင့် COVID-19 ကုသ စရိတ်အကျုံးဝင်သော ကျန်းမာရေးအာမခံဝယ်ယူရန် အကြံပြုပါသည်။ ခရီးသွားလာခွင့်ဆိုင်ရာ သတ်မှတ်ချက်များသည် အခြေအနေပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သဖြင့် ခရီးသွားများအနေ ဖြင့်နောက်ဆုံးသတင်းများကို စောင့်ကြည့်လေ့လာရန် အကြံပြုပါသည်။)

ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိစဉ် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက ဖနောင်ပင်မြို့၊ မြန်မာသံရုံး၏ တယ်လီဖုန်းနံပါတ် ၀၂၃ ၂၂၃ ၇၆၁ သို့ဆက်သွယ်၍လည်းကောင်း မြန်မာသံရုံး၏ Facebook page messenger မှတစ်ဆင့်လည်းကောင်း အကူအညီတောင်းခံနိုင်ပါသည်။ အရေးကြီးကိစ္စများနှင့်စပ်လျဉ်း၍ ၀၂၃ ၂၂၃ ၇၆၁ သို့ဆက်သွယ်ရန်အကြံပြုအပ်ပါသည်။ လူကုန်ကူးခံရမှုများနှင့် တရားမဝင် ဖမ်းဆီးထိန်း သိမ်းခံရခြင်းများကြုံတွေ့ရပါက ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့၏ Hotline နံပါတ် 117 သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh